| Article Index |
|---|
| ကြယ်ကလေးများမှတဆင့် |
| Page # |
| All Pages |
ကျွန်ုပ်ငယ်စဉ်ကပင် ရာသီဥတုသာယာသော ညအခါတွင် ကောင်းကင်ကြီးကို ငေးမော ကြည့်လေ့ရှိပါသည်။ ကောင်းကင်ပြင်တွင် လွန်စွာများပြားသော ၊ အရွယ်အစားနှင့် အရောင် တောက်ပမှုမတူညီသော ကြယ်များကို ရှာဖွေကြည့်ရှုရသည်မှာ စိတ်ငြိမ်သက်သာယာမှုကို လည်းကောင်း ၊ အေးချမ်းမှုကိုလည်းကောင်း ၊ ကြည်နူးမှုကိုလည်းကောင်း ဖြစ်ပေါ်စေသော ကြောင့် မကြာခဏ ငေးမိခြင်းဖြစ်ပါသည်။ ထို့ပြင် Sunday School တွင် သခင်ယေရှု ဖွားမြင် တော်မူခြင်းအကြောင်း သင်ရသောအခါ ထိုအချိန်က ကောင်းကင်တွင် ထူးဆန်းသော ကြယ်ကြီးပေါ်ထွန်းလာပြီး ၊ ထိုကြယ်ကြီး၏ လမ်းပြမှုဖြင့် ပညာရှိကြီးများ သခင်ယေရှုကိုရှာဖွေ တွေ့ရှိကာ ဖူးမြင်နိုင်ခဲ့ကြောင်းသိရသောအခါ ထိုကြယ်မျိုးကို ကိုယ်တိုင်တွေ့မြင်ချင်သော စိတ်ကူးနှင့် ဆန္ဒကလည်း အစဉ်စိုးမိုးနေပြန်ပါသည်။ ထို့ပြင် ကောင်းကင်ကြီးနှင့် ကြယ်များ ကို ကြည့်ရင်းနှင့် ထိုကြယ်များ၏ နောက်ဘက်ကို ကျော်လွန်ပြီး မှန်းဆ ကြည့်မိတတ်ပါသည်။ ထိုကြယ်ပေါင်း မြောက်များစွာ၏ နောက်တွင် ကျွန်ုပ်တို့မမြင်တွေ့နိုင်သော မည်မျှများပြား သည့် ဂြိုလ်နှင့်ကြယ်များ ထပ်၍ ရှိနေပါသနည်းဟူ၍လည်း မေးခွန်းထုတ်မိတတ်ပါသည်။ ထို့ပြင် ကောင်းကင်ကြီးနှင့် ကြယ်များကို ငေးမောကြည့်ရှုနေရင်းဖြင့် ထိုကောင်းကင်ကြီးမှာ ကျွန်ုပ်တို့နှင့် တဖြည်းဖြည်းနီးကပ်လာသည်ဟု ခံစားလာမိသလို ဘုရားသခင်သည်လည်း ကျွန်ုပ်အနီးသို့ တရွေ့ရွေ့ရောက်လာသည်ဟု ခံစားလာရပါသည်။ ဘုရားသခင်သည် ကျွန်ုပ်၏ အနီး၌ ရှိနေကြောင်း ခံစားရခြင်းကြောင့် ကောင်းကင်ကို မကြာခဏ ကြည့်ဖြစ်ပါ တော့သည်။

ပုံ(၁) ။ ။ ကြယ်အစုအဝေး
ငယ်စဉ်မှစ၍ ကြယ်နှင့်ပတ်သက်ပြီး ထိုခံစားချက်ရှိသောကြောင့် ကြယ်အကြောင်းကို သိလို၍ စာအုပ်များ ရှာဖွေဖတ်ရှုပါတော့သည်။ ကြယ်အကြောင်းဖတ်ရင်း ဂြိုလ်များ အကြောင်းပါ လေ့လာဖြစ်ပါတော့သည်။ ထိုအခါ ကြယ်နှင့်ဂြိုလ်၏ ခြားနားချက်ကိုလည်း သိရှိ လာရပါတော့သည်။
ဂြိုလ်များသည် တစ်နေရာထဲတွင် ရပ်တည်နေခြင်းမဟုတ်ဘဲ နေကိုဗဟိုပြု၍ အစဉ် လှည့်ပတ်သွားလာတတ်ပါသည်။ ဂြိုလ်ကြီး (၉)လုံးရှိသည်ဟု သိပ္ပံပညာရှင်များက သတ်မှတ် ဖော်ထုတ်ခဲ့ပါသည်။ သို့ရာတွင် ၂၀၀၆ခုနှစ် ၊ သြဂုတ်လက ပလူတိုဂြိုလ်၏ အရန်ဂြိုလ်ကို ထပ်မံ တွေ့ရှိပြန်သဖြင့် စကြာဝဠာအတွင်း ဂြိုလ်ကြီး (၉)လုံးရှိသည်ဟူသော အဆိုမှာ ပျက်ပြယ်သွားခဲ့ပြီဖြစ်သော်လည်း တရားဝင်ပြဌာန်းစာအုပ်မထွက်ရှိသေး၍ ယခုဂြိုလ်ကြီး (၉)လုံး အကြောင်း အရင်ရှင်းပြမည်ဖြစ်ပါသည်။
ဗုဒ္ဓဟူးဂြိုလ်သည် နေကို (၈၈)ရက်လျှင်တစ်ပတ် ၊ သောကြာဂြိုလ်သည် (၂၄၃)ရက်လျှင်တစ်ပတ် ၊ ကမ္ဘာသည် (၃၆၅.၂၆)ရက်လျှင် တစ်ပတ် ၊ အင်္ဂါဂြိုလ်သည် (၆၈၇)ရက်လျှင် တစ်ပတ်၊ ကြာသပတေးဂြိုလ်သည် (၁၁)နှစ် နှင့် (၁၄၃)ရက်လျှင် တစ်ပတ်၊ စနေဂြိုလ်သည် (၈၄)နှစ် (၁၄၆)ရက်လျှင် တစ်ပတ်ကျစီ နေကို ၄င်းတို့၏ နေပတ်လမ်းကြောင်းများမှ လက်ဝဲရစ် လှည့်ပတ်လျက်ရှိပါသည်။ ထို့ကြောင့် ဂြိုလ်များကို ဂရိ ဘာသာစကားအားဖြင့် ”လှည့်ပတ်သွားလာသူ” ဟု အဓိပ္ပာယ်ရသော ”Planet” ဟုခေါ်ဆိုခြင်း ဖြစ်ပါသည်။ ဂြိုလ်များသည် နေ၏ အလင်းရောင်ကြောင့် ကြယ်များအသွင် တောက်နေကြ ပါသည်။ ကိုယ်ပိုင် အလင်းရောင်မရှိပါ။
ကြယ်များမှာ အမှန်တစ်ကယ်တွင် တစ်နေရာထဲတွင် တည်ငြိမ်စွာရှိနေသည်ဟု ထင်ရ သော်လည်း ၄င်းတို့မှာ အရပ်မျက်နှာတစ်ဖက်စီကို အရှိန်အဟုန်ပြင်စွာ ပြေးလွှာနေကြပါ သည်။ သို့ရာတွင် ကြယ်များသည် ကျွန်ုပ်တို့နှင့် အလွန်ဝေးကွာနေသောကြောင့် ထိုသို့ လှုပ်ရှားပြေးလွှားနေသည်ကို မသိသာခြင်းပင်ဖြစ်ပါသည်။ နှစ်ပေါင်း သောင်းသိန်းသန်း ကြာမှသာ အနည်းငယ်နေရာပြောင်းသည်ကို သိနိုင်သောကြောင့် ကြယ်ဆိုသည်မှာ ရွေ့လျားခြင်းမရှိ ၊ တစ်နေရာထဲတွင်ရှိသည်ဟု မှတ်ယူကြပြီး ၊ ဂြိုလ်ဆိုသည်မှာ ရွေ့လျားနေသော ကြယ်အသွင်ရုပ်ဝတ္တုဟု မှတ်ယူကြပါသည်။ ထို့ကြောင့် တစ်နေရာထဲတွင် ရပ်တည်နေပါက ကြယ်ဟုလည်းကောင်း ၊ နေရာရွှေ့ပြောင်းနေပါက ဂြိုလ်ဟုလည်းကောင်း ခွဲခြား သိနိုင်ပါသည်။
ထို့ပြင် ကြယ်သည် မှိတ်တုတ်မှိတ်တုတ်ဖြင့် မျက်တောင်ခတ်ပါသည်။ ဂြိုလ်များမှာမူ တောက်ပသော အလင်းရောင်ရှိပြီး ၊ အရောင်တည်ငြိမ်ပါသည်။ မျက်တောင်မခတ်ခြင်းမှာ ဂြိုလ်များတွင် ကိုယ်ပိုင်အလင်းရောင်မရှိဘဲ နေ၏ အလင်းရောင် ရောင်ပြန်ဟပ်မှုသာ ရှိသော ကြောင့်ဖြစ်ပါသည်။ ကြယ်များသည် စင်စစ် … နေများပင်ဖြစ်ပါသည်။ ဟိုက်ဒရိုဂျင် ၊ ဟီလီယံ ဓာတ်များဖြင့် မီးလောင်နေပြီး ၊ မီးတောက်မှ အလင်းရောင်များ ဖြာထွက်နေခြင်းပင် ဖြစ်သည်။ သို့ရာတွင် အလွန်ဝေးကွာနေသော နေရာတွင် ရှိနေခြင်း ၊ ကမ္ဘာ့လေထုနှင်းမြူမှုန်တို့ တားဆီးနေခြင်းတို့ကြောင့် အလင်းရောင်ကို မှိတ်တုတ်မှိတ်တုတ်သာ မြင်ရခြင်း ဖြစ်ပါသည်။
ကြယ်များကို “လမ်းပြသူ” အဖြစ် ခိုင်းနှိုင်းကြပါသည်။ ထို့ကြောင့် ၄င်းတို့ကို ”လမ်းပြကြယ်” အဖြစ် တင်စားခေါ်ကြပါသည်။ ကြယ်များကိုရှာဖွေပြီး ၊ မိမိလိုရာအရပ်ဖြစ် သည့် အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ခွဲခြားရှာဖွေလို့ရပါသည်။
မြောက်အရပ်ကို သိလိုလျှင် ဓူဝံကြယ်ကိုရှာကြစမြဲဖြစ်ပါသည်။ ထိုကြယ်သည် မြောက်ဝင်ရိုးစွန်းပေါ်၌ တည်ရှိနေသောကြောင့် ၀င်သည်ဟူ၍မရှိ ၊ အစဉ်သဖြင့် မူလနေရာ တွင်ပင် တည်ရှိနေသောကြောင့် ဓူဝံကြယ်ရှိရာအရပ်သည် မြောက်ရပ်ဖြစ်ပြီး ၊ ဓူဝံကြယ်နှင့် ဆန့်ကျင်ဘက်အရပ်သည် တောင်အရပ်ဖြစ်ပါသည်။ ဓူဝံကြယ်ကို မျက်နှာမူလျက် လက်နှစ်ဖက်ဆန့်တန်းလိုက်ပါက လက်ယာဘက်သည် အရှေ့အရပ် ၊ လက်ဝဲဘက်သည် အနောက်အရပ် ၊ ကျောဘက်သည် တောင်အရပ် ဖြစ်ပါသည်။
ကြယ်များသည် မိမိတို့လိုရာအရပ်ကို ရှာဖွေရန် လမ်းပြပေးသည့် ”လမ်းပြကြယ်များ” ဖြစ်သည့်အပြင် အချိန်ကိုပါ ညွှန်ပြပေးသော ”အချိန်ပြကြယ်” များလည်း ဖြစ်နေပြန်သည်။
နေ၀င်ပြီး စတင်ထွက်ပေါ်လာသော ကြယ်တစ်လုံးလုံး၏ အနေအထားကိုကြည့်၍ သိနိုင် ပါသည်။ နေ၀င်စတွင် အရှေ့မိုးကုပ်စက်ဝိုင်းမှ ထွက်လာသည့် ကြယ်သည် မိမိ၏ ဦးခေါင်းထိပ်တည့်တည့်သို့ ရောက်လျှင် ညသန်းခေါင် (၁၂)နာရီဖြစ်၍ ထိုကြယ်သည် အရှေ့ မိုးကုပ်စက်ဝိုင်းနှင့် ဦးခေါင်းထိပ်ကြား အလည်တည့်တည့်တွင်ရှိလျှင် ည ( ၉ )နာရီဖြစ်ကာ ဦးခေါင်းထိပ်နှင့် အနောက်မိုးကုပ်စက်ဝိုင်းကြား အလယ်နေရာတွင် ရောက်လျှင် နံနက် ( ၃ ) နာရီဟု သိနိုင်ပါသည်။
| < Prev | Next > |
|---|





