၁၅- ဇွန် - ၂၀၀၈
ဖခင်များနေ့ ၂၀၀၈ အမှတ်တရာ ဖခင်ဖြစ်သူ ဒေးဗစ်ရိုးမို အောက်မေ့သတိရ၊ တရားဒေသနာ နဲ့ သက်သေခံချက်ကို သားဖြစ်သူ ဆရာ Mark Moe ဆန်ဖရန်စစ္စကို ဒေးလီးစီးတီး မြန်မာအသင်းတော်မှာ ဟောပြောခြင်း။
ဖခင်များနေ့မှာ ကျွန်တော့ဖခင်အကြာင်းနဲ့ ပြောခွင့်ရရှိတဲ့အတွက် ကျေးဇူးတော်ချီးမွမ်း ဆုတောင်းရင်း စတင်ပါတယ်။
ကျွန်တော့်ခေင်ကို သိသူများရှိသလို၊ မသိသောသူများလည်းရှိပါတယ်။ အခုပြောမဲ့အရာများဟာ မိတ်ဆွေများ မသိသေးတဲ့အကြောင်းများဖြစ်မယ်ယူဆပါတယ်။ ကျွန်တော့ဖခင် ဒေဗစ်ရိုးမို ဟာ ဘုရားကို နံပါတ်(၁) အဖြစ်အမြဲထားပါတယ်။ ဘုရားကလည်း သူ့ကို တဆာပလာအဖြစ် အသုံးပြုခဲ့ပါတယ်။ ဘွဲ့ရ ပညာတတ်မဟုတ်ပါဘူး။ ကျမ်းစာကျောင်းဆင်းမဟုတ်ပါဘူး။ ဥပစာ(က)အတန်းပဲအောင်ပါတယ်။ (တက္ကသိုလ် ဒုတိယနှစ်)။ သူ့ရဲ့ မစ်ရှင်လုပ်ငန်းများဟာ
၁။ သူလို မူးရစ်ဆေးစွဲသူများကို ပြန်လည်ထူထောင်ရေး
၂။ စွန့်ပယ်ခံ နူနာစွဲတဲ့ အရေပြားရောဂါသည်များကို ခရစ်တော်မေတ္တာပြသရေး
၃။ မိဘမဲ့ကလေး၊ မိဘ စွန့်ခံရတဲ့ ကလေးသူငယ်များကို စောင့်ရှောက်ပျိုးထောင်ရေး စတဲ့ လုပ်ငန်းများဖြစ်ပါတယ်။
သူဟာ အဲဒီလုပ်ငန်းများကို ဘုရားဥာဏ်ပညာ၊ ခွန်အားနဲ့ပဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ လုပ်ဆောင်မှုများကို အသိအမခင်အသိအမှတ်ပြုတဲ့အနေနဲ့ American Congress အမေရိကန်အထက်လွှတ်တော် မှာ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခဲ့ပါတယ်။ ဂျာမဏီနိုင်ငံကလည်း ငွေတဆိပ်ဆု ချီးမြှင့်ခဲ့ပါတယ်။ မကွယ်လွန်ခင်မှာပဲ အမေရိကန် ဗာဂျီးနီးယားပြည်နယ် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Honerary Doctor - Editor) ချီးမြှင့်ခဲ့ပါတယ်။
ကျွန်တော့်ဖခင် အသက် ၁၉ နှစ်အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး ကျွန်တော်တို့ မွေးချင်း ၅ ယောက်မှာ ကျွန်တော်က အကြီးဆုံးသားဖြစ်ပါတယ်။
သူငယ်ရွယ်စဉ် လူငယ်ဘ၀မှာ တော်တော်ဆိုးခဲ့ပါတယ်။ တရက်ကို အရက် ၆ ပုလင်း၊ ၇ ပုလင်းလောက်သောက်ပြီး ဖဲရိုက်၊ ရန်ဖြစ်၊ ဂိုဏ်းဖွဲ့ ဆိုးခဲ့ပါတယ်။ ရန်ကုန်သီတာရုပ်ရှင်ရုံရှေ့က အုတ်ခဲပုံမှာထိုင်ပြီး လာသမျှကားတွေကို တမင်သက်သက် အုတ်ခဲတွေနဲ့ ပစ်ပေါက်လို့ လိုက်ဖမ်း၊ ပြေးရ နဲ့ တနေ့ကို ရန်မဖြစ်ရရင် အိပ်မပျော်လောက်တဲ့အထိ၊ လူတွေကို ရိုက်နှက်၊ရန်လိုတတ်သူပါ။ တနေ့မှာ ညအိပ်မပျော်လို့ အိမ်အပြင်ထွက်ပြီး လမ်းသွားလာတယောက်ကို ရန်စ၊စကားများအောင် တမင်သက်သက်လုပ်ပြီး ထိုးကြိတ်ရန်ဖြစ်ပြီးမှာ ပြန်လာအိပ်ခဲ့တာ သတိရမိပါတယ်။ ရန်လိုဆိုးဝါသူ ဆိုတော့ ရပ်ကွက်ထဲမှာလည်း လူအများ တနည်းအားဖြင့် ရွံကြောက်၊ အပေါင်းသင်းမလုပ်အပ်၊ ရှောင်ရှားအပ်တဲ့ လူဆိုးစာရင်းသတ်မှတ်ခံရသူပါ။ ဖဲနိုင်တဲ့ည၊ မူးပြီးပြန်လာချိန်ဆိုရင် ခေါက်ဆွဲ ၃ထုပ်၊ ၄ထုပ် လက်ကဆွဲလာပြီး နောက်မှာ အရပ်ထဲကခွေးတွေက ခေါက်ဆွဲထုပ်ကို ကိုက်ဆွဲ တထုပ်ပဲကျန်ပြီး အိမ်ရောက်တော့ သားသမီးများကို ခေါက်ဆွဲထုပ်ကျွေးခဲ့တာ သတိရပါတယ်။ ကလေးဘ၀ဆိုတော့ ဖခင် အမြဲ ဖဲနိုင်စေချင်တဲ့ ကလေးအတွေးကို အမေ့ကိုပြောပြတော့ အမေက ဒီလိုမတွေးရဘူး။ ဖဲကစားတယ်ဆိုတာ မကောင်းဘူး။ မင်းတို့အဖေအတွက် ဖဲမကစား၊ အရက်မသောက်၊ မဆိုးရွားဖို့ရ ဆုတောင်းပေးရမယ်၊ တနေ့ပြောင်းလဲရမယ် ပြောပြီး ဆုတောင်းခဲ့ရပါတယ်။
နောက်ပိုင်း နံပါတ်ဖိုး ဆိုတဲ့ မူးရစ်ဆေးဝါး၊ ဟီးရိုးအင်းပေါ်လာတယ်။ အဲဒီခေတ်က မူးရစ်ဆေးဝါးကို ဘီအေစီ လေယာဉ်စီးရင်တောင် လူရှေ့မှာ အပ်နဲ့ထိုးပြီး သုံးကြတယ်။ ကျန်းမာရေးအတွက် ဆေးကုသရတဲ့ပုံစံနဲ့ပေါ့။ရန်ကုန် တရုပ်တန်းနဲ့ဆက်သွယ်ပြီး ဟီးရိုးအင်း ဘိန်းဖြူသုံးစွဲသူ ဖြစ်လာခဲ့တယ်။ ရန်ကုန် ခ၀ဲခြံအိမ်က ခြေတံရှည်ဆိုတော့ အိမ်ခြေတံရှည်အောက်မှာ လူတွေစုပြီး ဘိန်ဖြူဆေးထိုးကြပါတယ်။ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား ဦးမြင့်ဝေဆို သိပါတယ်။ ကျွန်တော်တို့အမေ ဖွင့်ထားတဲ့ ကျောင်းသားအဆောင်မှာ နေခဲ့ဖူးတာကြောင့်ပါ။ ဂျင်ဝိုင်း၊ဖဲဝိုင်းတွေလည်း မပြတ်ဘူး။ နောက်ဆုံးတော့ ပေါင်၁၈၀ ရှိတဲ့လူခန္တာကိုယ်က ပေါင်၁၂၀ပဲကျန်ပြီး ပိန်ချိလာတယ်။ စွပ်ကျယ်ဝတ်ထားတဲ့ သူပုံစံကလည်း တကိုယ်လုံး ၀ါထိန်နေပြီး သူနာပြုဆရာမဖြစ်တဲ့ ကျွန်တော့အဖွားက ဆေးရုံသွာတက်ဖို့တိုက်တွန်းတယ်။ ခေါင်းမာပြီး မသွားပဲ နေတော့ နောက်ဆုံး အမေပြောတဲ့စကားကို နားထောင်လိုက်ပါဦးမယ် ဆုံးဖြတ်ပြီး ဆေးရုံရောက်သွားတယ်။ ဆေးရုံမှာ အနာရောဂါကြောင့် ဖခင်ဟာ အားလျော့ပြီး မှိန်းနေချိန်မှာ ဆရာဝန်ကြီးနှစ်ယောက်က သူ့ကိုစစ်ဆေးကြတယ်။ ဒေါက်တာမိုဟန် (ဟိန္ဒူဘာသာဝင်) နဲ့ ဒေါက်တာဒေါ်ခင်နှင်းရီ (မွတ်ဆလင် ဘာသာဝင်) တို့က ကျွန်တော့အဖွား သူနာပြုဆရာမဟောင်းကြီးကိုပြောတယ်၊ "အန်တီရဲ့သား အခြေအနေမကောင်းတော့ဘူး၊ တပတ်အတွင်း ဆုံးမယ်။ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပါ" ပြောလိုက်တာကို ကျွန်တော့အဖေကြားသွားတယ်။
အဲဒီညမှာ ကျွန်တော့ဖခင်ဟာ လှဲနေရင်း စဉ်းစားတယ်။ "ငါဟာ ဘာကြောင့် လောကမှာလူဖြစ်လာရသလဲ။ လူဖြစ်နေတုံး ဘာလုပ်သင့်သလဲ။ လူဘ၀ကုန်သွားပြီး သေဆုံးသွားပြီးတဲ့နောက် ဘယ်ကိုသွားမလဲ" အခေါက်ခေါက်အခါခါ မအိပ်နိုင်အောင် စဉ်းစားတယ်။ ခန္တာကိုယ်ကလည်း အရင်ကလို နာကြင်မှုတွေမခံစားရပဲ စိတ်ကတော့ လွတ်လပ်တဲ့ လဟာပြင်ထဲရောက်နေသလို ခံစားနေရတယ်။ ဆေးရုံတက်နေတုံး ဆရာကြီး အာသာကိုလေး၊ ဆရာကြီးဦးမျိုးချစ်တို့လည်း လာပြီးဆုတောင်းပေးတယ်။ အိပ်ယာအောက်မှာ ခပ်မာမာ ပစ္စည်းတခုတွေ့လို့ ဆွဲကြည့်လိုက်တော့ အဖွားထည့်ပေးထားတဲ့ သမ္မာကျမ်းစာဖြစ်နေတော့ လှန်လှော ဖတ်ရှုကြည့်ရင်း ရှင်လုကာ ၂၃း ၃၉ - ၄၃ ကိုဖတ်မိတယ်။ သခင်ခရစ်တော် ကားတိုင်ပေါ်မှာ အသက်အသေခံချိန် အတူ လက်ဝါးကပ်တိုင်မှာ အသတ်ခံရတဲ့ လူဆိုးကြီး နှစ်ယောက်အကြောင်းပါ။
ငါလည်း တော်တော်ဆိုးမိုက်တဲ့လူ၊ ငါလို ဆိုးမိုက်တဲ့ လူဆိုးတောင် သူယုံကြည်တာနဲ့ အပြစ်ကလွှတ်ခံရတယ်၊ နောင်ဘ၀အတွက် စိတ်ချရတယ် ဆိုတာကို သဘောပေါက်ပြီး စိတ်နှလုံးကျိုးပဲ့စွာ နှိမ့်ချမှုနဲ့ ဆုတောင်းတယ်။ အပြစ်တွေ ဘုရားထံ ကိုဝန်ချတောင်းပန်လိုက်တယ်။ နောက်တနေ့ကစပြီး ခန္တာကိုယ်နာကျင်မှုတွေ မရှိတော့ပဲ ယူပစ်သလိုဖြစ်သွားတယ်။ နေကောင်းလာတော့ အိပ်ယာပေါ်ပက်လက်နေတဲ့ လူမမာ ထပြီးလမ်းလျောက်တာတွေ လုပ်လာတယ်။ ပတ်ဝန်ကျင်က တခြားလူမမာတွေ နဲ့ သူနာပြုတွေရော သေမဲ့လူနာ ထလမ်းလျှောက်တော့ အံ့ကြကြောက်လန့်ကြသူလည်းရှိတယ်။ သေခါနီးမှာ အကြောဆွဲသလို ဖြစ်တာပဲ၊ လူမဟုတ်တော့ပဲ ဖုတ်ကောင်ဝင်စားနေတယ် စသဖြင့် လျှောက်ပြောကြတာပေါ့၊ ဆရာဝန်ကြီး ၂ ယောက်ကလည်းရောဂါကို ပြန်စစ်ကြည့်တော့ အရင်ကပြတဲ့ လက္ခဏာတွေ မတွေ့ရတော့ဘူး။ ၃ ရက်တိုင် ဆက်စစ်တော့လည်း ရောဂါမရှိတော့ပဲ လူကောင်းလိုဖြစ်နေတော့ ဆရာဝန်ကြီး ၂ ယောက်လည်း တအံ့တသြဖြစ်ပြီး ဆေးရုံက ဆင်းခွင့်ပေးလိုက်ရတယ်။ အဲဒီ ဆရာဝန်ကြီးနှစ်ဦး ဒေါက်တာမိုဟန် (ဟိန္ဒူဘာသာဝင်) နဲ့ ဒေါက်တာဒေါ်ခင်နှင်းရီ (မွတ်ဆလင် ဘာသာဝင်) တို့ဟာ ကျွန်တော့ဖခင်နဲ့ပတ်သတ်ပြီး ပထမဆုံး ယေရှု ခရစ်တော်ကိုယုံကြည်သွားပြီး ခရစ်ယန်ဘ၀ကို ခံယူသွားတဲ့ လူ၂ဦးပါ။ (ပရိတ်သတ်များ - Praise Lord)။
ကျန်းမာစွာ အိမ်ပြန်ရောက်ပြီးနောက်ပိုင်းမှာတော့ ကျွန်တော့အဖေအသုဘမှာ ဆရာကြီး အာသာကိုလေးက တရားဟော၊ ဆရာကြီး ဦးမျိုးချစ်က မြေချ စီစဉ်ထားတာလည် ဖျက်လိုက်ရပြီး၊ ၀ယ်ထားတဲ့ အသုဘ ခေါင်းကိုလည်း တခြားသေဆုံးသူတဦးကို လက်ဆောင်ပေးပစ်လိုက်ရပါတယ်။
အဲဒီနောက်မှာတော့ Campus Crusade အဖွဲ့ကို အိမ်ငှားထားရင်း သူတို့အဖွဲ့နဲ့အတူ ကိုကိုးကျွန်းကို လိုက်သွားပါတယ်။ အဲဒီ သာယာအေးချမ်း ဆိတ်ငြိမ်တဲ့ ကိုကိုးကျွန်းလေးဟာ ဖခင်ဖြစ်သူ အတွက် ဘုရား ဗျာဒိတ်တော်ပေးတဲ့နေရာဖြစ်ပါတယ်။ ကျောက်ဆောင် ပင်လယ်ကမ်းခြေမှာ ကျမ်းစာဖတ်၊ဆုတောင်းရင်း ခွန်အားယူရတယ်။ သူရူပါရုံမှာလည်း လမ်းပေါ်က လူငယ်များ ဘုရားထံပြန်လာနေကြတာကို မြင်ရတယ်။ လမ်းဘေး စွန့်ပစ်ခြင်းခံရသူ ဘုရားထံပြန်လာခြင်းကို ရှင်ပေါလု တမန်တော် ၉ မှာရေးထားတဲ့ အတိုင်း ကိုယ်တိုင်လည်း ဒီလိုဖြစ်လာသလို ခံစားရတယ်။ ဒီလိုနဲ့ ရန်ကုန်ပြန်ရောက်တော့ မိတ်ဆွေ၊ပတ်ဝန်းကျင်က အရက်မသောက်၊ ဖဲမကစား၊ ရန်မဖြစ်တော့တဲ့ ကျွန်တော့ဖခင်ကို စောင့်ကြည့်ကြတယ်။ ခဏပဲ ကောင်းလာပြီး နောက်ပြန်ဆိုးသွားမှာပါလဲလို့ ပြောကြတယ်။ ကျွန်တော့်ဖခင်ကတော့ ခရစ်တော်အားဖြင့် စွမ်းဆောင်နိုင်တယ်လို့ ခံယူထားတယ်။
လူငယ်များလည်း အိမ်ကို ဆေးလိပ် တကားကားနဲ့ ရောက်လာကြတယ်။ ဖခင်ဖြစ်သူဟာ အရက်သမားတွေအိမ်ကို လိုက်လည်ဆုတောင်းပေးတယ်။ ဒီလိုနဲ့ ကြာလာတော့ လူငယ်တွေလည်း စနေနေ့ဆို အိမ်ကို သန့်သန့်ပြန့်ပြန့် ၀တ်စားဆင်ရင်ပြီး ရောက်လာကြတာကို တွေ့လာရတယ်။ သူက ဆရာတွေ၊ မိတ်ဆွေတွေကို ဧ၀ံဂေလိ တနယ်တခြားကို သွားချင်တယ် ဆိုတော့ အများက ၀ိုင်းဝန်းပြီး ကျမ်းစာသင်တန်းဆင်း ဆရာလဲမဟုတ်၊ ကျမ်းစာသင်တန်းမတတ်ရသေး၊ ထောက်ပံမဲ့လူလည်း မရှိ ဆိုတော့ မလုပ်သင့်ကြောင်း ပြောကြတယ်။ မကြာခင်မှာပဲ ဆရာဂျက်ဖရီ (ယခု - သြစတြေလျား၊ Perth), ဆလိုင်းထွအောင် (ယခု - USA) တို့နဲ့ တိုင်ပင်ပြီး လွယ်လင်၊ပင်လုံဖက် ဧ၀ံဂေလိ ခရီးထွက်ဖို့ ဆုံးဖြတ်ကြတယ်။ ပိုက်ဆံလည်း မရှိ၊ ထောက်ပံ အားပေးမဲ့လူလည်း မရှိဘူး။ ဒါပေမဲ့ အိမ်မှာရှိတဲ့ ဒန်အိုးအကြီး၊ ထမင်းချက်တဲ့အိုးကအစ အဟောင်းဝယ်တဲ့ဆိုင်ကို ရောင်းချပြီး ငွေရှာတော့ အမေဖြစ်သူက ကလေးတွေအများကြီးနဲ့ ထမင်းအိုးအကြီးက မရှိတော့ဘူး၊ အသေးလေးပဲကျန်တော့ ဘယ်လိုချက်စားရမလဲ ပြောရင်း စိတ်ပျက်မိတယ်။ ဖခင်ဖြစ်သူကတော့ ဘုရားအလုပ် လုပ်ဖို့ အရေးကြီးတယ်။ သည်းခံဖို့ပြောရင်း ဧ၀ံဂေလိ ခရီးထွက်သွားကြတယ်။
လူငယ်တွေကို လူကိုမျှားသော တငါအဖြစ် ဘယ်လိုဆွဲဆောင်ရမလဲ စဉ်းစားရင်း Music ဂီတနဲ့ ဘုရားဆီ ခေါ်ဖို့ ဖြစ်လာတယ်။ ဆရာကြီး ဦးတင်မောင်ထွန်းရဲ့ ညီမတို တော်တော်ပျော်ပျော်ပါးပါးနေတတ်ပေမဲ့ ဂီတာတီး၊ အဆိုကောင်းတော့ သူတို့နဲ့ပေါင်းပြီး ဆရာဂျက်ဖရီက သီချင်းစပ်၊ ရေးပြီး လူငယ်များကို နိုးကြားစေတယ်။ ဆရာဂျက်ဖရီ အလုပ်လုပ်လို့ ပထမဆုံးလစာရတဲ့ငွေကို ဂစ်တာမြို့တော်က ဂီတာတလုံးဝယ်တယ်။ အသံအကျယ်ကြီးမြည်တဲ့ အိုးကြီး ဂီတာကို တီးခတ်ရင်း နောက်ဆုံး ဗိုလ်မှူးကြီးခွန်နောက်တို့ Revival အဖွဲ့ နားတဲ့ရက်တွေမှာ သူတို့ တီးဝိုင်းပစ္စည်းတွေ ငှားရမ်းပေးတယ်။ ဧ၀ံဂေလိ အင်းစိန်ဈေးထဲမှာ လုပ်တော့ ကျွန်တော်လည်း ခပ်ရှက်ရှက်နဲ့ ဖခင်တို့နဲ့ လိုက်သွားတယ်။ သီဆို တီးခတ်တာကို လူတွေနားထောင်၊ ဝေစာတွေကိုလည်း ယူသွားတာ တွေ့မှ ကျွန်တော်လည်း အားရှိလာပြီး ကူညီလုပ်ကိုင်ပေးလာတယ်။ Revival အဖွဲ့ရဲ့ ရေနစ်သူ ဆိုတဲ့ ဝေစာကို ဝေခဲ့တာ သတိရမိပါတယ်။
အဲဒီတုံးက ၀ိုင်စီ အဖွဲ့ ကိုးကွယ်ဝတ်ပြုခြင်းကို တနင်္ဂနွေနေ့တွေမှာ မလုပ်ပါဘူး။ အသင်းတော်တွေ အမြင်တမျိုးမြင်မှာစိုတာ၊ သိုးခိုးတယ် ဘာညာ ပြောခံရမှာ မလိုလားတာကြောင့်ပါ။ စနေနေ့မှာပဲ ဆုတောင်း၊ ၀တ်ပြုစည်းဝေးတွေ လုပ်ခဲ့ကြပါတယ်။ ကချင်ငြိမ်းချမ်းရေးယူထားတဲ့ စစ်တပ်ကိုတောင် ပြန်တိုက်ခိုက်ပြီး ငွေကြေးချမ်းသာသူများ၊ ကရင်တောတောင် အမှုဆောင်များ စသဖြင့် စနေနေ့ဆိုရင် လာရောက်စုဝေးကြတယ်။
အလှူရှင်တွေလည်း ပေါ်လာပြီး ဆန်ဆီ စတဲ့ပစ္စည်းတွေ လာလှူကြတယ်။။ ကျွန်တော့ ဖခင်ပြောတဲ့စကားရှိပါတယ်။ လုပ်မဲ့လုပ် ကောင်းကောင်းလုပ်မယ်။ စားရင်လဲ ကောင်းကောင်းစားမယ်။ နောင်တချိန် ဘုရားအမှူတော်ဆောင်ကြမဲ့ ဒီလူငယ်တွေကို ငစိန်ဆန်နဲ့ ပဲဟင်း လောက်ပဲ ကျွေးမွေးလို့ ခန္တာအင်အား ဘယ်ရနိုင်မလဲ ပြောပြီး ကောင်းကောင်းချက်ပြုတ်ကြွေးမွေးခဲပါတယ်။ အဲဒီအချိန်က မူရစ်ဆေးဝါးစွဲပြီး ဆေးလာဖြတ်ချင်တဲ့ လူကြီး၊ သူဌေး သားများ ဥပမာ ကချင်ပြည်နယ်ကောင်စီဥက္ကဌ သား စတဲ့လူငယ်တွေကို သူတို့မဘများက ပိုက်ဆံကြိုက်သလောက် အကုန်ခံပြီး ဆေးဖြတ်ဖို့ လာပို့ကြတယ်။ အိမ်ထဲမှာ လူငယ်တွေအများကြီး စုပြုံပြီးနေထိုင်စားသောက်တော့ လူကြီးသားသမီးတွေအများကြီးနဲ့ ကျွန်တော်သိကျွမ်းခဲ့ရတယ်။
အဲဒီ ဆေးဖြတ်တဲ့ လူငယ်တွေမှာ လွန်းပြန် လို့ ကျွန်တော့အဖေ နာမည်ပေးထားတဲ့ လူတွေလည်းတော်တော်ရှိတယ်။ ဆေးပြတ်သွားပြီး အိမ်ပြန်သွားလိုက်၊ ဆေးပြန်စွဲပြီး ပြန်လာလိုက်နဲ့ အကြိမ်ကြိမ် လာရောက်ကြတဲ့ ဆေးစွဲသူများကို ကျွန်တော်က တော်တော်စိတ်ပျက်ပြီး အဖေရယ်၊ ဒီလိုလူမျိုး အခုကုပေးလဲ နောက် ဆေးပြန်စွဲမှာ သေချာနေတာကို ကုပေးမနေပါနဲ့၊ လက်မခံဖို့ ပြောတော့ ဖခင်ဖြစ်သူက ခရစ်တော်က ခုနှစ်ဆယ်၊ ခုနှစ်လီတိုင်အောင် စိတ်ဓါတ်မကျပဲ လုပ်ရမယ်ဆိုထားကြောင်းကို ကျမ်းစာနဲ့ ရှင်းလင်းပြောပြခဲ့ပါတယ်။ သူတို့ဆီက မေတ္တာကို လိုချင်ရင် ကိုယ်ကပဲ အရင်စပေးရတယ်။ မျှော်လင့်ချက်မထားပဲ မေတ္တာပြဖို့ ကျွန်တော့ကို ပြန်လည်နားချခဲ့တာ သတိရမိပါတယ်။
ဒီလိုနဲ့ပဲ အဲဒီ လွန်းပြန် ဆေးသမားများ ဒဏ်နဲ့ အိမ်က အိုးခွက်၊နာရီ၊ ဂီတာ စတဲ့ အိမ်ပစ္စည်းတွေ ပျောက်သွားတဲ့ ဒဏ်တွေအများကြီးခံရပါတယ်။ ဆေးဖြတ်ပေးတဲ့အခါ ထာဝရ ပြတ်သွားအောင် ငွေ၊ပစ္စည်း၊ အတင်းအကျပ် ကုသပေးလို့မရပါဘူး။ ခရစ်တော်ယေရှုမေတ္တာနဲ့ပဲ ကုသပေးရပါတယ် ဆိုတဲ့ အယူအဆကို ခိုင်ခိုင်မာမာ လက်ကိုင်ထားပါတယ်။ တနေ့တော့ န၀တ စစ်အစိုးရ စစ်ဗိုလ်ကြီးတယောက် အိမ်ကိုရောက်လာပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ အဖွဲ့ နာမည်ကြီးနေတဲ့ ဘိန်းဖြု၊မူးရစ်ဆေးဝါး ဖြတ်တဲ့ ဖခင်တို့ဆီ လာကြည့်မယ်၊ ပြင်ဆင်စရာတွေ ကြိုတင်ပြင်ဆင်ဖို့ လာပြောပါတယ်။ နောက်တနေ့ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့အဖွဲ့ ရောက်လာကြည့်ရှုမေးမြန်းရင်း နိုင်ငံတော်ရဲ့ မူးရစ်ဆေးဝါဖြတ်တဲ့ စီမံကိန်းမှာ ပူးပေါင်းလုပ်ဆောင်ဖို့ ပြောပါတယ်။ ဖခင်ဖြစ်သူက ခရစ်တော်မေတ္တာနဲ့လုပ်ရတဲ့သူလုပ်ငန်းအကြောင်းးကို သေချာစွာရှင်းလင်းပြရင်း အစိုးရ စီမံကိန်းနဲ့အတူ လုပ်ဖို့မဖြစ်နိုင်တဲ့အကြောင်း ပြောပြခဲပါတယ်။ အဲဒီတုံးက စစ်တပ်အရာရှိ၊ဗိုလ်ချူပ်တွေအများကြီး သတင်းစာဆရာတွေကအစ အင်တာဗျုးမေးမြန်းတာတွေ ရှုပ်ရှက်ခတ်နေပါတယ်။ ဒီလိုနဲ့ ယဉ်ကျေးစွာ ငြင်းဆန်နိုင်ခဲ့ပါတယ်။
ဖခင်ရဲ့ အကြောင်းတွေကို စာရေးဖေါ်ပြခြင်း များစွာရှိတဲ့အထဲ အမေရိကန်က ဘီလီဂရမ် မဂ္ဂဇင်းမှာ ဖေါ်ပြခဲ့တာ နဲပ စင်ကာပူကို ကင်ဆာရောဂါသွားရောက်ကုသစဉ်က ဆေးရုံမှာ Maricle ဆိုပြီး ဆောင်းပါးဖေါ်ပြခဲ့တာကို သတိရမိပါတယ်။
နောက်ဆုံးတော့ ဖခင်ဖြစ်သူဟာ ဓမ္မဆရာများမွေးထုတ်ပေးမဲ့ ကျမ်းစာသင်တန်း တခု လိုအပ်တယ်ဆိုတာကို ဦးတည်ပြီး ကျမ်းစာသင်တန်း စတင်ခဲ့ရက ယခုအခါ မြန်မာပြည်မှာ တော်တော်အောင်မြင်ပြီး ဓမ္မဆရာများစွာ မွေးထုတ်နိုင်ခဲ့ပါတယ်။ ယခု မြန်မာပြည်မှာ မူရစ်ဆေးဖြတ်စခန်းလုပ်ပြီး ကျမ်းစာသင်တန်းတွေမှာ နာမည်ကြီးနေတဲ့ စန္တယား ကွန်းဇော်ရဲ့သား ဆရာဇော်သူလင်း လည်း ခရစ်ယန်ဘာသာကို ပြောင်းလဲလာတဲ့ဆရာပါ။ မလေးရှား၊ ထိုင်း၊ စင်ကာပူတွေမှာ လှည့်လည် ကျမ်းစာသင်တန်းတွေ လုပ်နေပါတယ်။ မလေးရှား၊ ပီနန်မှာ ကျမ်စာသင်တန်း ဓမ္မဆရာ ချိုမနားလိန်း ဆိုရင်လည်း ပြောင်းလဲလာပြီး ယခုအခါ ကျမ်းစာဘွဲ့ များစွာအောင်မြင်ရင်း ဧ၀ံဂေလိ လုပ်ဆောင်နေပါတယ်။ ယခု Australia Perth မှာ သင်းအုပ်ဆရာလုပ်နေတဲ့ ဆရာဦးဇော်ဝင်းလည်း ၀ိုင်စီ ကျမ်းစာသင်တန်းကျောင်းထွက်ပါပဲ၊ ယခင်ကတေးရေးဆရာ စောဘွဲ့မှူး၊ ယခု ဘုရားသီချင်းတွေတေးရေး သီဆိုတဲ့နေရာမှာ အသံသိပ်ကောင်းတဲ့ ဓမ္မတေးဆရာ ကိုစောဝင်လဲ့ ကိုလည်း လောကသီချင်းဆိုဖို့ လာရောက်တိုက်တွန်းကြတယ်။ ဘုရားသီချင်းကလွဲရင် မဆိုဘူး လို့ပြောလိုက်ပါတယ်။ သူ့တပည့်တွေကို ဘုရားအကြောင်း ပြောဖို့ တိုက်တွန်းတဲ့အခါ မင်းတို့မှမပြောရင် ကျောက်ခဲတွေ ထပြီး ဘုရားကောင်းမြတ်ကြောင်း ပြောရမှာပဲ။ ဒါကြောင့် မင်းတို့ဟာ ဘုရားကောင်းမြတ်ကြောင်းပြောတဲ့ ကျောက်ခဲတွေဖြစ်တယ် ဆိုပြီး သင်ကြားပြောဆိုခဲ့ပါတယ်။
တလောကပဲ မြန်မာပြည်က ညီမဖြစ်သူနဲ့ တယ်လီဖုန်းပြောတဲ့အခါ လေဘေး ဒုက္ခသည်များကို ကျွေးမွေးရတာ အခက်အခဲများစွာရှိကြောင်း၊ ဆန်ဆီဆားမရှိ၊ ငွေကြေးမပြည့်စုံတော့ ဒုက္ခသည်တွေကို တနေ့ ထမင်းတပန်းကန်ပဲ ကျွေးနိုင်လို့ ဆုတောင်းပေးပါဦး လို့ ပြောပါတယ်။ မလေးရှားက ဖခင်ဆီချိုအတွက် အထူးသကြားနဲ့ ကော်ဖီဖျော်ပေးနေကျ တပည့်တယောက်ကလည်း ဖုန်းဆက်တယ်။ လေယာဉ်မောင် အင်တာဗျူးမှာ ကော်ဖီဖျော်နည်း ဆားဗစ်ကို ကောင်းကောင်းပြောပြနိုင်လို့ လေယာဉ်မောင်အလုပ်ရသွားတယ် လို့ ကျေးဇူးတော်ချီးမွမ်းပြောဆိုပါတယ်။ ကျမ်းစာကျောင်း နေရာ၊အဆောက်အဦးကို ဦးရွှေလှိုင် လှူဒါန်းသွားတယ်။ မိဘမဲ့ဂေဟာကို သားဆေးဖြတ်သွားတဲ့ အားကာလူကြီးတဦး လှူဒါန်းသွားတယ်။
ဖခင်ပြောတဲ့ ဘုရားကိုချစ်ကြောက်ရိုသေရင် ဘယ်တော့မှ မဆင်းရဲဘူး၊ ဒါဝိပ်မင်ကြီးလိုပဲ ဘုရားကို ချစ်ကြောက်ရိုသေ ဘုရားကို နံပါတ်(၁) ထားခြင်းကြောငြ့် တမ်းတလိုက်တာနဲ့ လိုအပ်တဲ့အရာများ ရသွားကြောင်းကို ကျွန်တော့ဆီ Email နဲ့ ပို့ရင်း သွန်သင်ခဲ့တာလည်း အမှတ်ရမိပါတယ်။ ကျွန်တော် အမေရိကား သွားချင်တယ် လုပ်ပေးပါဦးလို့ အဖေကို အပူကပ်တဲ့အခါ သူများတွေအပြောခံရစေမဲ့ အလုပ်မျိုး၊ ဘယ်တော့မှ မလုပ်ဘူး၊ သွားချင်ရင် ကိုယ့်ဖာသာ ကြိုးစား လို့ပြောတာကြောင့် နောက်ဆုံး အမေ အစ်မ အမေရိကားက စာပို့ပေးပြီး ကိုယ်ဖာသာ ဗီဇာလျှောက်လို့ ဒီအမေရိကားကို ရောက်လာခဲ့တာပါ။ အမေရိကားမှာ Artificial တွေသိပ်များတယ်။ ကျမ်းစာနဲ့ အသက်ရှင်ပါလို့ ကျွန်တော့ကို အမြဲမှာကြားပါတယ်။
ကျမ်းပိုဒ် ကောလောသဲ ၃း၂၁ ရဲ့ အားလျှော့စိတ်ပျက်ခြင်း နဲ့ ဆန့်ကျင်ဘက် ကျမ်းကတော့ မျှော်လင့်ခြင်း၊ ၀မ်းမြောက်ခြင်းပါ။ ဟာဗက္ကုတ် အနာဂတိ ၃း၁၈ - ၁၉
၁။ ကျွန်တော်တို့ဟာ လောက ဧည့်သည် အဂန္တုများဖြစ်ကြောင်း ခံယူတတ်ဖို့လိုပါတယ်။ တနေ့မှာ မိမိအဘအိမ်တော်ကို သွာရမယ်။
၂။ လောကမှာ အသက်ရှင်စဉ်မှာ ရွှင်လန်းဝမ်းမြောက်ခြင်း ရှိဖို့ အရေးကြီးပါတယ်။ ထီပေါက်ပြီး ပျော်ရွှင်တဲ့ပုံစံမျိုးမဟုတ်ပါဘူး။ လောကပိုက်ဆံ၊ကျော်ကြားမှုတွေဟာ မတည်မြဲပါဘူး။
တေးရေးဆရာ ကိုနေ၀င်းရဲ့ သီချင်းတပုဒ်မှာ အဆိုးအားဖြင့် အကောင်းကို မြင်လော့ ဆိုတဲ့အတိုင်း မိမိမှားယွင်း၊ ဆိုးခဲ့သည်များကို နောင်တရကာ အကောင်းလမ်းသို့ လျှောက်လှမ်းစေရေးအတွက် တိုက်တွန်းအားပေးလိုက်ပါတယ်။
ဆုတောင်းကြပါစို့
ဆရာ Mark Soe
Daly City , မြန်မာခရစ်ယန် အသင်းတော်။ Lutherian Church
55 San Fernado Way, Daly City, CA 94015
အယ်ဒီတာမှတ်ချက်။
ဆရာမိုး (Mark) သည် နေမကောင်းဖြစ်သည့်ကြားမှ ဖခင်မေတ္တာကို ဂုဏ်ပြုခြင်းအဖြစ် လာရောက်ဟောပြော ကူညီသွားခြင်းဖြစ်ပါသည်။ ဆရာ မွေးနေ့နှင့်လည်း ကြုံကြိုက်နေသောကြောင့် ဆရာနှင့် ဆရာကတော်တို့အား မွေးနေ့ကိတ်ဖြင့် Happy Birthday အမှတ်တရ ပြုလုပ်ခဲ့ပါသည်။ ၀တ်ပြုခြင်း သဘာပတိ ဆလိုင်းဝေရန် က ဖခင်များနေ့တွင် ဖခင်ဖြစ်သူကို သတိရ ချီးမွမ်းသူ ဆရာ Mark Moe အား ဖခင်ခြေရာ နင်းနိုင်ပါစေ အားပေးပြောကြားခဲ့ပါသည်။
၁၅-ဇွန်လ-၂၀၀၈ အစီအစဉ်
သဘာပတိ။ ဆလိုင်း ဝေရန် Salai Wai Yan
ကျမ်းစာသင်ကြားခြင်း။ အသင်းတော် ဆရာကြီး ဦးဘရွှေ
အပြန်အလှန်ကျမ်းစာဖတ်ခြင်း။ ဆရာ ဘောင်လု Lagwi Bawm Luk
အထူးဆုတောင်းခြင်း။ ဆရာမြင့်စိုး
ကြေငြာခြင်း။ Maureen Maung
ကျမ်းစာဖတ်ခြင်း။ ကောလောသဲ ၃း၂၁ Mr. Zawana
တရားဒေသနာ။ ဖခင်များနေ့သတိရအောက်မေ့ခြင်း Saya Mark Moe "About My Father"
ဖခင်များအား လက်ဆောင်ပေးခြင်း။ ဆရာမ ။ မညွန့်ညွန့်စိန်
အကြွေးအမွေး ဧည့်ခံခြင်း။ အသင်းတော် တာဝန်ခံ မိုင်ခင်ရွှေ

| < Prev | Next > |
|---|





