
White Cross Sunday 9.Aug.09 ဦးသိန်းစီ (ဥက္ကဌ)
စင်ကာပူမှာ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံတက်ခြင်း၊ ခွဲစိတ်ကုသခံရခြင်း များအတွက် မြန်မာလူမျိုးများ (အသင်းသားမဟုတ်သည်ဖြစ်စေ၊ ခရစ်ယာန်မဟုတ်သည်ဖြစ်စေ) ကြုံကြိုက်လာပါက အသင်းတော်မှ ဒေါ်လာအနည်းငယ်မျှဖြင့် မေတ္တာပြ၊ သွားရောက်တွေ့ဆုံ၊ ဆုတောင်းပေးခြင်းများ လုပ်ဆောင်လေ့ရှိပါတယ်။ အချို့အလွန် ကုန်ကျစရိတ်ကြီးတဲ့ ခွဲစိတ်ကုသမှု အတွက် အသင်းတော်က မေတ္တာပြတဲ့ ငွေကြေးဟာ ဘာမှမပြောပ လောက်သော်လည်း နာမကျန်းဖြစ်နေသူနဲ့ သူတို့မိသားစု အတွက် ၀ိညာဉ်ပိုင်းဆိုင်ရာ စိတ်သက်သာမှု ရစေလိုခြင်းကို ဆောင်ရွက်ပေးခြင်းပါ။ ဘတ်ဂျက်ထက် အမြဲတမ်း ငွေများစွာ ပိုမိုသုံးစွဲနေတဲ့ အဖွဲ့ငယ်ဖြစ်ပါတယ်။ ဒီအတွက်လည်း ဒုတိယအကြိမ် အလှူငွေကောက်ခြင်းဖြစ်ပါတယ်။
သက်သေခံခြင်း (အန်တီအက်စတာ - NJ, USA)
Wheel Chair ဖြင့်လက်ရောက်သက်သေခံခြင်းဖြစ်သည်။
ကျွန်မဟာ နယူးဂျာစီပြည်နယ်မှာ နေပါတယ်။ မနှစ်ကတော့ စင်ကာပူကိုအလည်လာရင်း ဒီအသင်းတော်ကို လာရောက်ခဲ့ပေမဲ့ ခဏပါပဲ။ ဒီနှစ်တော့ အလည်လာရင်း Accident ဖြစ်ပြီး ခြေထောက်ကျိုးသွားပါတယ်။ လက်လည်း ကျိုးသွားပြီး စင်္ကာပူဆေးရုံမှာ ဆေးကုသရပါတယ်။ ၄လ ရှိသွားပါပြီ။ လက်ကလည်း စတီးချောင်း ထည့်ထားရပါတယ်။ ကျေးဇူးတော်ကြောင့် ဒီအပါတ်မှာပဲ ဆုတောင်းပြီး ထကြည့်တယ်။ ရလို့ လမ်းလျှောက်ကြည့်တော့ ပြန်လမ်းလျှောက်နိုင်ပါပြီး။ ဒုတ်ကောက်နဲ့ ပဲလျှောက်ခိုင်းထားပါတယ်။
စင်ကာပူမှာ ခြေကျိုး၊လက်ကျိုးဖြစ်တော့ ပထမဆုံး ကျွန်မမိတ်ဆွေ အန်တီ ဒီးရှာ (ရှေ့မှာထိုင်သူ ဆရာမျိုးသူဇနီး မခူးခူ အမေ)ကိုပဲ အားကိုးရပါတယ်။ သူက ဆရာမျိုးသူကိုခေါ်ပြီး ခံနိုင်ရည်ခွန်အားပေးသနားပါရန် လာရောက် ဆုတောင်းပေးပါတယ်။ ဆရာမျိုးသူဇနီး မခူးခူ လည်း မကြာခဏ ဆေးရုံလာရောက် အားပေးပါတယ်။ နောက် ဆရာသြဂတ်စတတ် နဲ့ ဇနီးသည် ဒေါ်မိုရင်းတို့လည်း လာရောက်ကြတယ်။ ကျွန်မ အရမ်းထနှုတ်ဆက်ချင်ပေမဲ့ ဆေးထိုးထားတော့ မထနိုင်ပါ။ လာတာပဲသိရတယ်။ မျက်စိမဖွင့်နိုင်၊ မပြောနိုင်ဖြစ်နေတဲ့ အချိန်ဖြစ်နေပါတယ်။ ဒါပေမဲ့ ခွန်အားအများကြီးရပါတယ်။ အသင်းတော်က White Cross အဖွဲ့သားများလည်း မကြာခဏလာရောက်ကြည့်ရှု၊ ဆုတောင်းပေးရင်း အများကြီးခွန်အားရရှိလာပြီး အခုလို သက်သေခံနိုင်တဲ့အထိ ကျန်းမာလာခြင်းဖြစ်ပါတယ်။ ဒီတခေါက် စင်ကာပူရောက်ခြင်းဟာ ခြေ၊လက် ကျိုးပေမဲ့ ယုဒဿန်အသင်းတော်က ဆရာများ၊ အသင်းသားများ လာရောက်မိတ်သဟာရ မေတ္တာပြမှုတွေကြောင့် ကျေးဇူးတော်ခံစား၊၀မ်းမြောက်ရပါတယ်။
နောက်လ ဆိုရင် နယူးဂျာစီကို ပြန်လို့ရပါပြီ။ နယူးဂျာစီဟာ နယူးယောက်နဲ့ ကပ်လျက်ရှိပေမဲ့ ခရစ်ယန် ကရင်မိသားစု ၂စုလောက်ပဲ အနီးအနားမှာရှိပါတယ်။ အသင်းတော်မရှိသေးပါဘူး။ နယူးဂျာစီမှာ ဆေးရုံတက်ရရင် ဒီမှာလို လာပြီးဆုတောင်းပေးမဲ့လူ မရှိပါဘူး။ ကျွန်မနဲ့ ခင်ပွန်းသည်၊ မိသားစု အားလုံးက ယုဒဿန်အသင်းတော် (စင်ကာပူ) ကို အမြဲသတိရ၊ ကျေးဇူးတင်နေမှာပါ။ ဘုရားသခင်ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
ဒုက္ခရောက်သူများအတွက် နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းရှာခြင်း
09-August-2009 Sunday, Judson Baptist Church (Singapore)
ပွဲစားခ ဒေါ်လာ၅ထောင်ကုန်ပြီး စင်ကာပူအလုပ်လာလုပ်တဲ့ S-pass အမျိုးသမီးတဦး၊ ရောက်ပြီး ၄ရက်အကြာ စိတ်ဒုက္ခ၊ဝေဒနာကြောင့် ကျွန်တော်တို့ကိုယ်တိုင် 999 ခေါ်ပြီးဆေးရုံပို့လိုက်ရတယ်။ ကျွန်တော်တို့ ဒီအတိုင်းပဲကြည့်နေတော့မှာလား။
အသင်းသားတဦး လျှာကင်ဆာရောဂါနဲ့ ဆေးရုံမှာ ခံစားနေရပါတယ်။ ကျွန်တော်တို့ ဒီအတိုင်းပဲကြည့်နေတော့မှာလား။
အန်တီအက်စတာ အမေရိကန်၊နယူးဂျာစီက အလည်အပတ်လာရင်း အခုလို မမျှော်လင့်ပဲ ခြေ၊လက်ကျိုး၊ ဆေးရုံတက်လိုက်ရတယ်။ ကျွန်တော်တို့ ဒီအတိုင်းပဲကြည့်နေတော့မှာလား။
ကျမ်းပိုဒ်။ ၃ရာ ၁၇ တပိုဒ်လုံး၊ မုဆိုးမတဦး လင်ယောင်္ကျားသေဆုံးပြီး၊ အကြွေးရှင်များကို မပေးနိုင်တဲ့အတွက် သားဖြစ်သူကို ကျွန်အဖြစ်ပေးရမဲ့ကိန်း မုန့်ညှက်နဲ့ ဆီ နောက်ဆုံးစားသောက်ပြီး သေဖို့ဘဲ ရှိနေချိန်မှာ ပရောဖက် ဧလိယကို သားအတွက် မုန့်ကို မျှဝေပေးတယ်။ ဒီအတွက် ထာဝရဘုရားက အိုး၌ရှိသော မုန့်ညက်မကုန်။ ဘူး၌ရှိသောဆီမလျော့ရ ဟုမိန့်တော်မူကြောင်း မစတဲ့အပြင် အသက်ချုပ်သွားတဲ့ အိမ်ရှင်မ၏သားကို အသက်ပြန်ရှင်စေပါတယ်။ နိုင်ငံတော်နဲ့ ဖြောင့်မတ်ခြင်း ဦးစွာရှာခြင်း မဿဲ ၆း၃ ကို ဆင်ခြင်စေလိုပါတယ်။
ဒုက္ခရောက်သူများကိုတွေ့ရင် ကိုယ်ဖာသာနေလို့လဲ ဒီအတိုင်းကြည့်နေလို့လဲရပါတယ်။ သခင်ယေရှုအားဖြင့် ဆိုရင် ခြားနားခြင်းများကို တလုံးတ၀တည်း ဖြစ်စေပါတယ်။ ဘုရားရန်သူမှ မိတ်ဆွေသို့၊ အပြစ်သားမှ ဘုရားသားသို့ ပြောင်းလဲစေပါတယ်။ White Cross ကူညီမှုများကို ဆေးရုံမှာ ပက်လက်နေရစဉ်ကျမှ သိရတာမျိုး မဖြစ်စေချင်ပါဘူး။
ငါဆိုတဲ့ အတ္တ "I" အိုင်ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို အပြစ် SIN, PRIDE စကားလုံးအလည်မှာ တွေ့ရခြင်းက ငါကို ဗဟိုမှာထားတတ်တဲ့ စာတန်၊လူစီဖာ LUSIFER စာလုံးမှာလည်း တွေ့ရပါတယ်။ ဒုက္ခရောက်သူများကို ကူညီဖို့က Attitute ဆိုတဲ့ စိတ်ကလေးရှိရင် ဖြစ်ပါတယ်။
ယုဒဿန်အသင်းတော်လည်း အဆောက်အဦအသစ်ရဖို့ ဆုတောင်းနေတာကြာပြီ။ ရှိတဲ့ အဆောက်ဦးရံပုံငွေ ၄သိန်းကလည်း စင်ကာပူအစိုးရကချပေးတဲ့ ဟိုး.... မြို့နဲ့ ဝေး တဲ့နေရာမှာတောင် ဒေါ်လာ ၇သန်း အနည်းဆုံး....၊ လူ့အကြံနဲ့ ကြိုးစားတယ်။ မိခင်အသင်းတော် Thomson Road Baptist Church အပေါ်ထပ်ကို ၀ယ်ဖို့လည်း ကြံတယ်။ တနင်္ဂနွေ လူများလို့ TRBC မင်္ဂလာပွဲတွေလုပ်တဲ့ အောက်ထပ်ခန်းမကြီးလည်း အသုံးပြုခွင့်ရရေး ကြိုးစားတယ်။ ကျွန်တော်ကတော့ မကြိုးစားချင်တော့ပါဘူး၊ ဘုရားသခင်ချပေးရင် ကြိုးစားစရာမလိုဘူး .. အသင်းတော်အဆောက်အဦးဆိုတာလည်း (ပုတ်ကနဲ) ရမှာဘဲ။
အခု နာဂစ် ဗဟိုနယ်မြေများ ဘိုကလေး၊ လပွတ္တာ၊ မြောင်းမြ စတဲ့ ဧရာဝတီဒေသက မိဘမဲ့ဖြစ်သွားတဲ့ ကလေးများပညာရေးအတွက် ကျွန်တော်တို့ တယောက် ၅၀ပြား၊ တဒေါ်လာ အပတ်စဉ် မှန်ပုံးလေးထဲ ဘုရားကျောင်းလာရင်း ထည့်သွားဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော် ဒီလကုန်မှာ မြန်မာပြည် ၂ပတ်သွားပါမယ်။ တပတ်ကို ဒေါ်လာ ၃၀၀ လောက်ပဲ မှန်းပေမဲ့ ဒေါ်လာ ၁၅၀၀ ရပါတယ်။ ရန်ကုန်မြို့ကြီးမှာ အဆောက်ဦအကြီးဆောက်၊ နိုင်ငံခြားအကူညီနဲ့ နာဂစ်မိဘမဲ့ကလေးဂေဟာ လုပ်တာကိုတွေ့ရတယ်။ ကလေးတွေ လာလွန်းလို့ ခဏပိတ်ထားရတယ် ကြားရတယ်။ နာဂစ်ကလေးတွေတော့ မြို့ကြီးဆီ မလာနိုင်ရှာဘူး။ ဒီနိုင်ငံခြားအကူညီ နာဂစ်မိဘမဲ့ကလေး ကူညီရေးတွေလည်း နာဂစ်ဗဟိုနယ်မြေများကို သွားဖို့ကလဲ ခက်နေတယ်။
ယုဒဿန်အသင်းတော်အတွက် ကျေးဇူးတော် ချီးမွှမ်းပါတယ်။ ဘုရားကျောင်း ၁၂ကျောင်း နာဂစ် ဗဟိုဒေသများမှာ ဆောက်ပြီးသွားပါပြီ။ စရိတ်ကြီးတဲ့ ဘုရာကျောင်းအကြီး တခုပဲ နဲနဲကျန်တော့တယ်။ (အယ်ဒီတာ။ နာဂစ်အတွက် စင်ကာပူ Baptist Convention မှ ရရှိငွေ ဒေါ်လာတသိန်းခွဲ နှင့် အခြားအဖွဲ့အစည်းများမှ ယုဒဿန်အသင်းတော် ဆောင်ရွက်ချက်များကို ကျေနပ်စွာဖြင့် ပေးအပ်ခဲ့သည်။ အသင်းတော်အပြီးသတ်ရေး ဒေါ်လာ ၂သောင်းခွဲကိုလည်း စင်ကာပူမှ တရုပ်အမျိုးသမီးတဦး Madam Kim က ယခင်လက လှူဒါန်းခဲ့ပါသည်။ သူမ၏ ရင်သားကင်ဆာ ခွဲစိတ်ကုသမှုအတွက် အသင်းတော်မှ ဆုတောင်းပေးရန်ဖြစ်ပါသည်။)
ကျွန်တော်တို့ ဒုက္ခရောက်သူများအတွက် ကူညီတာကို ဘုရားရှင်နှစ်သက်ပါတယ်။ ကျွန်တော် ငယ်စဉ်က သင်းအုပ်ဆရာများ အလှူငွေတောင်းခြင်း နားထောင်ပြီး ဒီတစ်သက်၊ ဒါမျိုးမလုပ်ဘူး ဆုံးဖြတ်ခဲ့ပါတယ်။ သင်းအုပ်ဆရာ အလုပ်လဲ မလုပ်ဘူး .. ပြောခဲ့ပေမဲ့ ဘုရားသခင်က သင်းအုပ်ဆရာဖြစ်စေပါတယ်။ အခုလည်း ယခင်က လုံးဝမပြောချင်တဲ့ အလှူငွေပေးရန် ပြောနေရပါတယ်။ ဒါလည်း ဘုရားမှာ အကြံစည်ရှိပါတယ်။ ကျွန်တော်တို့လည်း ဘုရားသခင်အလိုရှိရင် ရှိတဲ့အရာ အရင်ပေးလိုက်ပါ။ အသက်ရှိရင်လည်း ပေးရန်အသင့်ရှိပါ။ ပေးစရာရှိသည်များကို မဿဲ ၆း၃၃ အတိုင်း အရင်ပေးလိုက်ပါ။ ကျန်သောအရာများကို ထပ်၍ပေးမယ်လို့ ကျမ်းစာမှာလာပါတယ်။
ဆုတောင်းခြင်း၊ ကောင်းကြီးပေးခြင်းဖြင့် White Cross တနင်္ဂနွေ ကိုးကွယ်ဝတ်ပြုခြင်းကို အဆုံးသတ်ပါတယ်။

written by naw phaw mue cho , August 17, 2009
written by ဇော်ထူး, August 17, 2009
| < Prev | Next > |
|---|





